KNU

KNU ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေ တာဝန်ယူမည်

KNU ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေ တာဝန်ယူမည်

မေလ ၅ ရက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ဒုဥက္ကဋ္ဌအသစ် ပဒိုစောဆဲဂေ ကို ခန့်အပ် တာဝန်ပေးအပ်ခဲ့ကြောင်း ယနေ့ (မေလ ၄ ) ညနေတွင် KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
စစ်ဘက်ဆိုင်ရာအရေးကိစ္စရပ်များတွင် အရေးပါသည့် ကာကွယ်ရေးဌာနအကြီးအကဲအဖြစ် ခန့်အပ်ခံရသူ ပဒိုစောဆဲဂေသည် KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ လည်း ဖြစ်သည်။​ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့်နေရာဖြစ်ကာ စစ်ကောင်စီအခြေစိုက်စခန်းများ မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခံနေရသည်။

ယခင် ကာကွယ်ရေးဌာနတာဝန်ခံမှာ ပဒိုစောရော်ဂျာခင် ဖြစ်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် နှင့် ဒုတိယစစ်ဦးစီးချုပ်နေရာသည် အပြောင်းအလဲ မဖြစ်ဘဲ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၊ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
နိုင်ငံခြားရေးတာဝန်ခံအဖြစ် ပဒိုစောတောနီးက ဆက်လက်ရွေးချယ်ခံရပြီး ပြည်ထဲရေးနှင့်သာသနာရေးဌာနတာဝန်ခံအဖြစ် ပဒိုစောကနဲဖော၊ လမ်းပန်းဆက်သွယ်ရေးဌာန တာဝန်ခံအဖြစ် ပဒိုစောကလယ်ဆေး တို့ ရွေးချယ်ခံရကြောင်း ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။

KNU (၁၇) ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးချုပ် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ၊ တရားသူကြီးချုပ် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်ပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
KNU တွင် ကာကွယ်ရေး ၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး ၊ တရားရေး၊ သစ်တောရေးရာ စသည့် ဌာနများ အပါအဝင် ဌာနဆိုင်ရာ ၁၄ ခု ရှိသည်။

ပုံစာ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌအသစ် ပဒိုစောဆဲဂေ (ဓာတ်ပုံ-KNU)

©MN
Hlaing Info
0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *