ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်

ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်
◼️ မူဝါဒ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ ချမှတ်ကာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ထိန်းကျောင်း တည့်မတ်ရေး တာဝန်ကို ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

ဧပြီလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၃)ကို ဧပြီ ၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကြားကာလကော်မတီအနေနဲ့ တော်လှန်ရေးကာလ အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို အချင်းချင်းကြားမှာ သင်ယူရင်း၊ လေ့လာရင်း၊ ပြုပြင်သင့်တာ ပြုပြင်ရင်း လုပ်ကိုင်ဆောင်ရွက်နေကြရခြင်း ဖြစ်ပါကြောင်း၊ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်ရတဲ့ ကိစ္စရပ်အားလုံးမှာ အစိုးရအဖွဲ့ တာဝန်ရှိသူများအားလုံးအတွက် ပုံစံအသစ်တွေ ဖြစ်‌သောကြောင့် မှီငြမ်းကိုးကား လုပ်ဆောင်စရာတွေ မရှိဘဲ လုပ်ရင်းကိုင်ရင်း အမှားတွေ/စနစ်မကျမှုတွေ တွေ့လာတဲ့ အခါ ပြင်ဆင် တည့်မတ် ထိန်းကျောင်းရင်း ဆောင်ရွက်လာကြတာမှာ ယခုဆိုရင် ခရီးလည်း အတော်အတန် ရောက်သင့်သလောက် ရောက်နေပြီဖြစ်ပါ‌ကြောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်မှု ကဏ္ဍမှာ မူဝါဒ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ ချမှတ်ကာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ထိန်းကျောင်း တည့်မတ်ရေး တာဝန်ကို ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးစေလိုပါ‌ကြောင်း၊ ရုံးပိုင်းဆိုင်ရာကိစ္စတွေ၊ မြေပြင်နဲ့ ထိထိစပ်စပ် လုပ်ကိုင်ရမယ့် ကိစ္စများကို ဌာနအလိုက် ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်များနဲ့ တွဲဖက်လုပ်ဆောင်ပြီး အင်ပြည့်အားပြည့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ လုပ်ဆောင်မှုတွေ အလွန်များသဖြင့်ဝန်ကြီးဌာန အလိုက် လူ့စွမ်းအား အရင်းအမြစ်တွေလည်း ပိုမိုလိုအပ်မှာ ဖြစ်တဲ့အတွက် ဌာနအလိုက် အားစိုက်ရန် မှာကြားလိုကြောင်း၊ ကော်မတီရဲ့ အပတ်စဉ် တိုင်းများအလိုက် တွေ့ဆုံတဲ့ အစည်းအဝေးမှာ တက်ရောက်လာကြသူများအနေနဲ့ ဖြစ်ပေါ်၊ တွေ့ကြုံလာရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု၊ ပွတ်တိုက်မှုကို တင်ပြလာတာကိုသိရလို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေအနေနဲ့ သတင်းအချက်အလက် မျှဝေမှုအတွက် မည်သည့် ပုံစံစီမံပြီး လက်တွေ့ဆောင်ရွက်နေသူများရဲ့ အခက်အခဲကို ဖြေရှင်းပေးကြ မလဲဆိုတာကို စဉ်းစားရန် လိုပါကြောင်း၊ ကော်မတီအနေနဲ့ အစည်းအဝေး တက်ရောက်မှုမှစပြီး မူဝါဒတွေ ချမှတ်ကာ လုပ်ငန်းအကောင်အထည်ဖော်မှု အစအဆုံး လုပ်ငန်းစဉ်အားလုံးကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ရန် လိုအပ်ပါက ပြုပြင်ကြရန်နှင့် တာဝန်ပေးအပ်မှု အပိုင်းမှာ လျော့ရဲနေမှုရှိပါကလည်း တိတိကျကျ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်‌ရေးဆောင်ရွက်ပေးကြရန်အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် တက်‌ရောက်လာကြတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၃)တွင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေး ခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


©PVTV
HlaingInfo

Facebook Page / Telegram Channel
0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *